၂၀၁၈ ခုနှစ်၊စက်တင်ဘာလ (၇) ရက်
လူနာမမေဇင်နွယ် သေဆုံးမှုအပေါ်တိုင်ကြားခြင်းကို မြန်မာနိုင်ငံဆေးကောင်စီမှ သတင်းထုတ်ပြန်ချက်အရ ရွှေဂုံတိုင်အထူးကုဆေးရုံ နှင့် အထူးကုဆရာဝန်ကြီး ဒေါက်တာဦးရဲမြမှ ဤပူးတွဲထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။
လူနာ မမေဇင်နွယ်(၃၆နှစ်)၏ ဖခင်ဖြစ်သူ ဦးတင်မြင့်မှ မြန်မာနိုင်ငံဆေးကောင်စီသို့ ၂၀၁၈ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် တိုင်ကြားခြင်းအပေါ် မြန်မာနိုင်ငံဆေးကောင်စီမှ ဤကိစ္စနှင့်သက်ဆိုင်သူများဖြစ်သည့် အထူးကုဆရာဝန်ကြီးနှင့် လူနာတက်ရောက်ကုသမှုခံယူခဲ့သော ရွှေဂုံတိုင်အထူးကုဆေးရုံကြီး နှင့် Grand Hanthar ဆေးရုံတို့မှ တာဝန်ရှိသူများအပါအ၀င် စုစုပေါင်း(၉)ဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ အသေးစိတ်စစ်ဆေးမေးမြန်း၍လည်းကောင်း၊ သက်သေအထောက် အထားများ လေ့လာ၍လည်းကောင်း၊ ဆောင်ရွက်ခဲ့ပြီးနောက် မြန်မာနိုင်ငံဆေးကောင်စီမှ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့တွင် Myanmar Medical Council Facebook Page (https://www.facebook.com/myanmarmedicalcouncil/) တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
(၁) ခြုံငုံ၍တင်ပြရလျှင်
– လူနာသည် (ဖခင်ဖြစ်သူ ဦးတင်မြင့် တိုင်ကြားသကဲ့သို့) Sulphur Allergy ကြောင့်သေဆုံးခြင်းမဟုတ်ဘဲ မူလရောဂါ၏ ဖြစ်စဉ်အရ နောက်ဆက်တွဲဝင်ရောက်သော ရောဂါများ (Complications) ကြောင့်သာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ၊
– ဆေးကုသမှုပေးသူ ဆရာဝန်ကြီးအနေနှင့် လူနာ၏မူလရောဂါကုသရာတွင် Guideline (ကုသရေးလမ်းညွှန်)အရ စနစ်တကျကုသမှုပေးခဲ့ကြောင်း ၊
– လူနာကို မူလရောဂါစတင်ဖြစ်ပွားခဲ့သည့် ၂၀၀၅ခုနှစ်အချိန်မှစ၍ စနစ်တကျကုသမှုပေးခဲ့ကြောင်း ၊
– လူနာအနေနှင့် ဆေးရုံပြောင်းရွှေ့ကုသရာတွင်လည်း သက်ဆိုင်ရာဆေးရုံ၏ တာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးပြီး လိုက်လံကြည့်ရှုပေးခြင်း တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။
သို့ဖြစ်ပါ၍ ဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့မှ တိုင်ကြားခံရသူဆရာဝန်ကြီးအနေနှင့် မှန်ကန်သော ကျင့်ဝတ်နှင့်အညီ လုပ်ဆောင်ကြောင်း သုံးသပ်ဖော်ပြထားပါသည်။
တိုင်ကြားခံရသူ အထူးကုဆရာဝန်ကြီး ဒေါက်တာဦးရဲမြ အပေါ် မြန်မာနိုင်ငံဆေးကောင်စီ၏ တည်ဆဲဥပဒေ အခန်း (၁၇) ၊ ပုဒ်မ (၆၃) တွင်ပါရှိသည် နှင့် အညီ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့မှ ဆုံးဖြတ်ကြောင်း ဖော်ပြထားပါသည်။
(၂) “တာဝန်ခံကြီးကြပ်ကွပ်ကဲမှုလုံးဝမရှိသည့် ရန်ကုန်မြို့ ၊ ရွှေဂုံတိုင်အထူးကုဆေးရုံကြီး တာဝန်ရှိသူများအားလုံးကို ထိရောက်စွာအရေးယူပေးပါရန်” တိုင်ကြားသည့်ကိစ္စနှင့် ပတ်သက်၍
– လူနာတက်ရောက်ကုသမှုခံယူခဲ့သော ရွှေဂုံတိုင်ဆေးရုံ၏ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူနှင့် သက်ဆိုင်ရာ ဆရာဝန်များအား စစ်ဆေးမေးမြန်းချက်များ ၊ ဆေးရုံ၏ မှတ်တမ်းများ ၊ အထောက်အထားစာရွက်စာတမ်းများအရ အဆိုပါ ဆေးရုံသည် စနစ်တကျ Organization set up ဖြင့် ဖွဲ့စည်းထားခြင်း ၊
– လူနာ၏ ဆေးဝါးကုသမှုမှတ်တမ်းအား စစ်ဆေးရာတွင် လူနာအားစနစ်တကျ ရောဂါရာဇ၀င် မေးမြန်းထားခြင်း ၊ ရောဂါစစ်ဆေးစမ်းသပ်ခြင်း ၊ လူနာအားတာဝန်ယူကုသပေးနေသော ဆရာဝန်ကြီးအား လူနာနှင့် ပတ်သက်၍ အချိန်မီသတင်းပေးပို့ခြင်း ၊ ဆရာဝန်ညွှန်ကြားချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ထားခြင်း ၊
– အထူးကုဆေးရုံကြီးတစ်ခုအနေနှင့် ရှိသင့်သည့် Ethical Committee , Risk Management Committee , Infection Control Committee စသည့်ကော်မတီများဖြင့် ဖွဲ့စည်းဆောင်ရွက်ထားခြင်း ၊ ကော်မတီအစည်းအဝေးများကိုလည်း သတ်မှတ်ချက်အတိုင်း ကျင်းပဆောင်ရွက်ခြင်း ၊
– လူနာအားဆေးဝါးကုသမှုပေးရာတွင် စနစ်တကျရှိစေရေးအတွက် Standard Operation Procedure (SOP) များ ၊ Continuing Medical Education (CME) များ ၊ Continuing Nursing Education (CNE) များပေးခြင်း ၊ Death Review , Medical Audit စသည်တို့ကိုလည်း ပုံမှန်ဆောင်ရွက်ခြင်းတို့ကို စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနှင့် စစ်ဆေးတွေ့ရှိရကြောင်းတို့ကို ဖော်ပြထားပါသည်။
သို့ဖြစ်ပါ၍ တိုင်ကြားစာတွင်ပါရှိသည့် ရွှေဂုံတိုင်အထူးကုဆေးရုံ တာဝန်ရှိသူများအနေနှင့် တာဝန်ခံကြီးကြပ်ကွပ်ကဲမှုမရှိ ဟူသော ဖော်ပြထားချက်နှင့် ကိုက်ညီမှုမရှိပါကြောင်း မြန်မာနိုင်ငံဆေးကောင်စီအနေနှင့် သုံးသပ်ဆုံးဖြတ်ကြောင်း ပါရှိပါသည်။
ရွှေဂုံတိုင်အထူးကုဆေးရုံအနေဖြင့်လည်းကောင်း၊ အထူးကုဆရာဝန်ကြီးအနေဖြင့်လည်းကောင်း လူနာ၏မိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းကြောင်း ထပ်မံပြောကြားလိုပါသည်။
အထူးကုဆရာဝန်ကြီးအနေဖြင့် ၂၀၀၅ ခုနှစ်မှစပြီး နှစ်ပေါင်းများစွာအတွင်း မမေဇင်နွယ်အား ပြင်းထန်သော အခြေခံရောဂါနှင့် နောက်ဆက်တွဲရောဂါများကို ကြိုးစား၍ စနစ်တကျအစွမ်းကုန်ကုသပေးပြီးမှ လူနာသေဆုံးရသည်ကို မိမိ၏သားသမီးတစ်ဦးဆုံးရှုံးရသကဲ့သို့ ထိခိုက်ခံစားရပါကြောင်း လူနာ၏ဖခင်ဦးတင်မြင့်နှင့် လူနာ၏မောင်ဖြစ်သူ ဦးတင်အောင်ဟိန်းအား ၂၀၁၈ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့ တွေ့စဉ်က အထူးကုဆရာဝန်ကြီးမှ ပြောကြားခဲ့ပါသည်။
ရွှေဂုံတိုင်အထူးကုဆေးရုံဘက်မှလည်းကောင်း၊ အထူးကုဆရာဝန်ကြီးဘက်မှလည်းကောင်း ဤကိစ္စကို အများ ရှင်းလင်းစေရန် ဖြေရှင်းရာတွင် ဆရာဝန်များထိန်းသိမ်းလိုက်နာရမည့် ကျင့်ထုံးအရ လူနာ၏အတွင်းရေးနှင့် အသေးစိတ် အကြောင်းများ (Confidential matters of the patient) ကို ထုတ်ဖော်ပြောဆိုရေးသားခြင်းမရှိဘဲ လူနာနှင့် မိသားစု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခဲ့ပြီး ဆေးပညာရှုထောင့်မှသာ ရှင်းလင်းခဲ့ပါသည်။
လူနာမမေဇင်နွယ်သေဆုံးခြင်းနှင့် စပ်လျဉ်း၍ လူနာ၏မိသားစု၊ လူနာနှင့် သက်ဆိုင်သူများက လူနာသေဆုံးရသည့် အဓိကကျသည့် အရေးကြီးသောအချက်အလက်များကို ထိန်ချန်၍ အထောက်အထားမရှိဘဲ ၄င်းတို့၏ ထင်မြင်ယူဆချက် များကို အင်တာဗျူးများတွင်လည်းကောင်း၊ လူမှုကွန်ယက်တွင်လည်းကောင်း ပြောဆိုခဲ့ရာ အများပြည်သူတို့အနေဖြင့် ထင်ယောင်ထင်မှား ဖြစ်စေခဲ့သောကြောင့် အထူးကုဆရာဝန်ကြီးနှင့် ရွှေဂုံတိုင်အထူးကုဆေးရုံ၏ ဂုဏ်သိက္ခာတို့ကို ထိခိုက်စေခဲ့ပါသည်။ ရွှေဂုံတိုင်အထူးကုဆေးရုံနှင့် အထူးကုဆရာဝန်ကြီး ဒေါက်တာဦးရဲမြတို့သည်မမေဇင်နွယ်သေဆုံးခြင်း အကြောင်းအရာနှင့် ပတ်သက်၍ လူနာ၏မိသားစုမှ အမှန်ကိုထိန်ချန်ပြီး တစ်ဖက်သတ် ပြောဆိုချက်များကို ဥပဒေရေးရာကျွမ်းကျင်သူများ၊ ဆေးဘက်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူများ နှင့် အသေးစိတ် လေ့လာ သုံးသပ်ပြီးဖြစ်ပါကြောင်း တရားဥပဒေအရ မိမိတို့အနေဖြင့် မည်သို့လုပ်ကိုင်ဆောင်ရွက်နိုင်သည်၊ ဆောင်ရွက်ခွင့်ရှိသည် ကိုလည်း လေ့လာသိရှိပြီးဖြစ်ကြောင်း ပြောကြားလိုပါသည်။
လူနာ၏မိသားစုမှဖြစ်စေ၊ လူနာနှင့် သက်ဆိုင်သူများမှဖြစ်စေ အထူးကုဆရာဝန်ကြီး၊ ရွှေဂုံတိုင်အထူးကုဆေးရုံ အုပ်ချုပ်ရေးအဖွဲ့၊ ဆရာဝန်များနှင့် အခြားဆေးကုသမှုပေးခဲ့သော ၀န်ထမ်းများ၊ ဆေးရုံ၏ ဂုဏ်သိက္ခာ၊ အထူးကုဆရာဝန်ကြီး၏ ဂုဏ်သိက္ခာတို့ကို ထိခိုက်စေနိုင်သည့် အရေးကြီးသော အချက်အလက်များကို ထိန်ချန်၍ တစ်ဖတ်သတ်စွပ်စွဲပြောဆိုခြင်း၊ ရေးသားခြင်း၊ လူမှုကွန်ယက်နှင့် သတင်းမီဒီယာများတွင် ပြောဆိုရေးသားဖော်ပြခြင်းများကို တရားမကြောင်းအရ တရားစွဲဆိုခြင်းဖြင့်သော်လည်းကောင်း၊ ဆက်သွယ်ရေးဥပဒေအရ သက်ဆိုင်ရာသို့ သတင်းပို့ တိုင်ကြားခြင်းဖြင့်သော်လည်းကောင်း ဆောင်ရွက်နိုင်ခွင့်ရှိကြောင်းကို အသိပေးအပ်ပါသည်။
ထို့အပြင် သတင်းမီဒီယာ နှင့် အများပြည်သူကိုလည်း လူနာတစ်ဦး၏ ဂုဏ်သိက္ခာနှင့် အတွင်းရေးအချက်အလက် များကို အထူးလေးစားကာကွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဤထုတ်ပြန်ချက် ကို ရွှေဂုံတိုင်အထူးကုဆေးရုံ၏ Facebook Page (https://www.facebook.com/sscmed) နှင့် (http://www.generalpressreleases.com) တို့တွင် ကြည့်ရှုနိုင်ပါသည်။
အထူးကုဆရာဝန်ကြီး ဒေါက်တာဦးရဲမြ နှင့်
ရွှေဂုံတိုင်ဆေးရုံအုပ်ချုပ်ရေးအဖွဲ့