ရွှေဂုံတိုင်အထူးကုဆေးရုံ (SSC) နှင့် အထူးကုဆရာဝန်ကြီး ဒေါက်တာဦးရဲမြမှ လူနာမမေဇင်နွယ်နှင့်ပတ်သက်၍ ပူးတွဲထုတ်ပြန်ချက်

[Joint Statement in PDF]

၂၀၁၈ ခုနှစ်၊စက်တင်ဘာလ (၇) ရက်

    လူနာမမေဇင်နွယ် သေဆုံးမှုအပေါ်တိုင်ကြားခြင်းကို မြန်မာနိုင်ငံဆေးကောင်စီမှ သတင်းထုတ်ပြန်ချက်အရ ရွှေဂုံတိုင်အထူးကုဆေးရုံ နှင့် အထူးကုဆရာဝန်ကြီး ဒေါက်တာဦးရဲမြမှ ဤပူးတွဲထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

    လူနာ မမေဇင်နွယ်(၃၆နှစ်)၏ ဖခင်ဖြစ်သူ ဦးတင်မြင့်မှ မြန်မာနိုင်ငံဆေးကောင်စီသို့ ၂၀၁၈ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် တိုင်ကြားခြင်းအပေါ် မြန်မာနိုင်ငံဆေးကောင်စီမှ ဤကိစ္စနှင့်သက်ဆိုင်သူများဖြစ်သည့် အထူးကုဆရာဝန်ကြီးနှင့် လူနာတက်ရောက်ကုသမှုခံယူခဲ့သော ရွှေဂုံတိုင်အထူးကုဆေးရုံကြီး နှင့် Grand Hanthar ဆေးရုံတို့မှ တာဝန်ရှိသူများအပါအ၀င် စုစုပေါင်း(၉)ဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ အသေးစိတ်စစ်ဆေးမေးမြန်း၍လည်းကောင်း၊ သက်သေအထောက် အထားများ လေ့လာ၍လည်းကောင်း၊ ဆောင်ရွက်ခဲ့ပြီးနောက် မြန်မာနိုင်ငံဆေးကောင်စီမှ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့တွင် Myanmar Medical Council Facebook Page (https://www.facebook.com/myanmarmedicalcouncil/) တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

(၁) ခြုံငုံ၍တင်ပြရလျှင်

– လူနာသည် (ဖခင်ဖြစ်သူ ဦးတင်မြင့် တိုင်ကြားသကဲ့သို့) Sulphur Allergy ကြောင့်သေဆုံးခြင်းမဟုတ်ဘဲ မူလရောဂါ၏ ဖြစ်စဉ်အရ နောက်ဆက်တွဲဝင်ရောက်သော ရောဂါများ (Complications) ကြောင့်သာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ၊

– ဆေးကုသမှုပေးသူ ဆရာဝန်ကြီးအနေနှင့် လူနာ၏မူလရောဂါကုသရာတွင် Guideline (ကုသရေးလမ်းညွှန်)အရ      စနစ်တကျကုသမှုပေးခဲ့ကြောင်း ၊

– လူနာကို မူလရောဂါစတင်ဖြစ်ပွားခဲ့သည့် ၂၀၀၅ခုနှစ်အချိန်မှစ၍ စနစ်တကျကုသမှုပေးခဲ့ကြောင်း ၊

– လူနာအနေနှင့် ဆေးရုံပြောင်းရွှေ့ကုသရာတွင်လည်း သက်ဆိုင်ရာဆေးရုံ၏ တာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးပြီး လိုက်လံကြည့်ရှုပေးခြင်း တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။

သို့ဖြစ်ပါ၍ ဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့မှ တိုင်ကြားခံရသူဆရာဝန်ကြီးအနေနှင့် မှန်ကန်သော ကျင့်ဝတ်နှင့်အညီ လုပ်ဆောင်ကြောင်း သုံးသပ်ဖော်ပြထားပါသည်။

    တိုင်ကြားခံရသူ အထူးကုဆရာဝန်ကြီး ဒေါက်တာဦးရဲမြ အပေါ် မြန်မာနိုင်ငံဆေးကောင်စီ၏ တည်ဆဲဥပဒေ အခန်း (၁၇) ၊ ပုဒ်မ (၆၃) တွင်ပါရှိသည်   နှင့် အညီ   အရေးယူဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့မှ ဆုံးဖြတ်ကြောင်း ဖော်ပြထားပါသည်။

(၂) “တာဝန်ခံကြီးကြပ်ကွပ်ကဲမှုလုံးဝမရှိသည့် ရန်ကုန်မြို့ ၊ ရွှေဂုံတိုင်အထူးကုဆေးရုံကြီး တာဝန်ရှိသူများအားလုံးကို ထိရောက်စွာအရေးယူပေးပါရန်” တိုင်ကြားသည့်ကိစ္စနှင့် ပတ်သက်၍

– လူနာတက်ရောက်ကုသမှုခံယူခဲ့သော ရွှေဂုံတိုင်ဆေးရုံ၏ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူနှင့် သက်ဆိုင်ရာ ဆရာဝန်များအား စစ်ဆေးမေးမြန်းချက်များ ၊ ဆေးရုံ၏ မှတ်တမ်းများ ၊ အထောက်အထားစာရွက်စာတမ်းများအရ အဆိုပါ ဆေးရုံသည် စနစ်တကျ Organization set up ဖြင့် ဖွဲ့စည်းထားခြင်း ၊

– လူနာ၏ ဆေးဝါးကုသမှုမှတ်တမ်းအား စစ်ဆေးရာတွင် လူနာအားစနစ်တကျ ရောဂါရာဇ၀င် မေးမြန်းထားခြင်း ၊ ရောဂါစစ်ဆေးစမ်းသပ်ခြင်း ၊ လူနာအားတာဝန်ယူကုသပေးနေသော ဆရာဝန်ကြီးအား လူနာနှင့် ပတ်သက်၍ အချိန်မီသတင်းပေးပို့ခြင်း ၊ ဆရာဝန်ညွှန်ကြားချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ထားခြင်း ၊

– အထူးကုဆေးရုံကြီးတစ်ခုအနေနှင့် ရှိသင့်သည့် Ethical Committee , Risk Management Committee , Infection Control Committee စသည့်ကော်မတီများဖြင့် ဖွဲ့စည်းဆောင်ရွက်ထားခြင်း ၊ ကော်မတီအစည်းအဝေးများကိုလည်း သတ်မှတ်ချက်အတိုင်း ကျင်းပဆောင်ရွက်ခြင်း ၊

– လူနာအားဆေးဝါးကုသမှုပေးရာတွင် စနစ်တကျရှိစေရေးအတွက် Standard Operation Procedure (SOP) များ ၊ Continuing Medical Education (CME) များ ၊ Continuing Nursing Education (CNE) များပေးခြင်း ၊ Death Review , Medical Audit စသည်တို့ကိုလည်း ပုံမှန်ဆောင်ရွက်ခြင်းတို့ကို စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနှင့် စစ်ဆေးတွေ့ရှိရကြောင်းတို့ကို ဖော်ပြထားပါသည်။

    သို့ဖြစ်ပါ၍ တိုင်ကြားစာတွင်ပါရှိသည့် ရွှေဂုံတိုင်အထူးကုဆေးရုံ တာဝန်ရှိသူများအနေနှင့် တာဝန်ခံကြီးကြပ်ကွပ်ကဲမှုမရှိ ဟူသော ဖော်ပြထားချက်နှင့် ကိုက်ညီမှုမရှိပါကြောင်း မြန်မာနိုင်ငံဆေးကောင်စီအနေနှင့် သုံးသပ်ဆုံးဖြတ်ကြောင်း ပါရှိပါသည်။

    ရွှေဂုံတိုင်အထူးကုဆေးရုံအနေဖြင့်လည်းကောင်း၊ အထူးကုဆရာဝန်ကြီးအနေဖြင့်လည်းကောင်း လူနာ၏မိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းကြောင်း ထပ်မံပြောကြားလိုပါသည်။

    အထူးကုဆရာဝန်ကြီးအနေဖြင့် ၂၀၀၅ ခုနှစ်မှစပြီး နှစ်ပေါင်းများစွာအတွင်း မမေဇင်နွယ်အား ပြင်းထန်သော အခြေခံရောဂါနှင့် နောက်ဆက်တွဲရောဂါများကို ကြိုးစား၍ စနစ်တကျအစွမ်းကုန်ကုသပေးပြီးမှ လူနာသေဆုံးရသည်ကို မိမိ၏သားသမီးတစ်ဦးဆုံးရှုံးရသကဲ့သို့ ထိခိုက်ခံစားရပါကြောင်း လူနာ၏ဖခင်ဦးတင်မြင့်နှင့် လူနာ၏မောင်ဖြစ်သူ ဦးတင်အောင်ဟိန်းအား ၂၀၁၈ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့ တွေ့စဉ်က အထူးကုဆရာဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

    ရွှေဂုံတိုင်အထူးကုဆေးရုံဘက်မှလည်းကောင်း၊ အထူးကုဆရာဝန်ကြီးဘက်မှလည်းကောင်း ဤကိစ္စကို အများ ရှင်းလင်းစေရန် ဖြေရှင်းရာတွင် ဆရာဝန်များထိန်းသိမ်းလိုက်နာရမည့် ကျင့်ထုံးအရ လူနာ၏အတွင်းရေးနှင့် အသေးစိတ် အကြောင်းများ (Confidential matters of the patient) ကို ထုတ်ဖော်ပြောဆိုရေးသားခြင်းမရှိဘဲ လူနာနှင့် မိသားစု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခဲ့ပြီး ဆေးပညာရှုထောင့်မှသာ ရှင်းလင်းခဲ့ပါသည်။

    လူနာမမေဇင်နွယ်သေဆုံးခြင်းနှင့် စပ်လျဉ်း၍ လူနာ၏မိသားစု၊ လူနာနှင့် သက်ဆိုင်သူများက လူနာသေဆုံးရသည့် အဓိကကျသည့် အရေးကြီးသောအချက်အလက်များကို ထိန်ချန်၍ အထောက်အထားမရှိဘဲ ၄င်းတို့၏ ထင်မြင်ယူဆချက် များကို အင်တာဗျူးများတွင်လည်းကောင်း၊ လူမှုကွန်ယက်တွင်လည်းကောင်း ပြောဆိုခဲ့ရာ အများပြည်သူတို့အနေဖြင့် ထင်ယောင်ထင်မှား ဖြစ်စေခဲ့သောကြောင့် အထူးကုဆရာဝန်ကြီးနှင့် ရွှေဂုံတိုင်အထူးကုဆေးရုံ၏ ဂုဏ်သိက္ခာတို့ကို ထိခိုက်စေခဲ့ပါသည်။ ရွှေဂုံတိုင်အထူးကုဆေးရုံနှင့် အထူးကုဆရာဝန်ကြီး ဒေါက်တာဦးရဲမြတို့သည်မမေဇင်နွယ်သေဆုံးခြင်း အကြောင်းအရာနှင့် ပတ်သက်၍ လူနာ၏မိသားစုမှ အမှန်ကိုထိန်ချန်ပြီး တစ်ဖက်သတ် ပြောဆိုချက်များကို ဥပဒေရေးရာကျွမ်းကျင်သူများ၊ ဆေးဘက်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူများ နှင့် အသေးစိတ် လေ့လာ သုံးသပ်ပြီးဖြစ်ပါကြောင်း တရားဥပဒေအရ မိမိတို့အနေဖြင့် မည်သို့လုပ်ကိုင်ဆောင်ရွက်နိုင်သည်၊ ဆောင်ရွက်ခွင့်ရှိသည် ကိုလည်း လေ့လာသိရှိပြီးဖြစ်ကြောင်း ပြောကြားလိုပါသည်။

    လူနာ၏မိသားစုမှဖြစ်စေ၊ လူနာနှင့် သက်ဆိုင်သူများမှဖြစ်စေ အထူးကုဆရာဝန်ကြီး၊ ရွှေဂုံတိုင်အထူးကုဆေးရုံ အုပ်ချုပ်ရေးအဖွဲ့၊ ဆရာဝန်များနှင့် အခြားဆေးကုသမှုပေးခဲ့သော ၀န်ထမ်းများ၊ ဆေးရုံ၏ ဂုဏ်သိက္ခာ၊ အထူးကုဆရာဝန်ကြီး၏ ဂုဏ်သိက္ခာတို့ကို ထိခိုက်စေနိုင်သည့် အရေးကြီးသော အချက်အလက်များကို ထိန်ချန်၍ တစ်ဖတ်သတ်စွပ်စွဲပြောဆိုခြင်း၊ ရေးသားခြင်း၊ လူမှုကွန်ယက်နှင့် သတင်းမီဒီယာများတွင် ပြောဆိုရေးသားဖော်ပြခြင်းများကို တရားမကြောင်းအရ တရားစွဲဆိုခြင်းဖြင့်သော်လည်းကောင်း၊ ဆက်သွယ်ရေးဥပဒေအရ သက်ဆိုင်ရာသို့ သတင်းပို့ တိုင်ကြားခြင်းဖြင့်သော်လည်းကောင်း ဆောင်ရွက်နိုင်ခွင့်ရှိကြောင်းကို အသိပေးအပ်ပါသည်။

    ထို့အပြင် သတင်းမီဒီယာ နှင့် အများပြည်သူကိုလည်း လူနာတစ်ဦး၏ ဂုဏ်သိက္ခာနှင့် အတွင်းရေးအချက်အလက် များကို အထူးလေးစားကာကွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

    ဤထုတ်ပြန်ချက် ကို ရွှေဂုံတိုင်အထူးကုဆေးရုံ၏ Facebook Page (https://www.facebook.com/sscmed) နှင့် (http://www.generalpressreleases.com) တို့တွင် ကြည့်ရှုနိုင်ပါသည်။

အထူးကုဆရာဝန်ကြီး ဒေါက်တာဦးရဲမြ နှင့်

ရွှေဂုံတိုင်ဆေးရုံအုပ်ချုပ်ရေးအဖွဲ့

ရွှေဂုံတိုင်ဆေးရုံ Ethical Committee အဖွဲ့ဝင်များ၏ လူနာဒေါ်မေဇင်နွယ် နှင့် ပတ်သက်၍ ထုတ်ပြန်ချက်

[Statement in PDF]

၂၅ ရက်၊ ဇူလိုင်လ၊ ၂ဝ၁၈ ခုနှစ်

  ဤရက်ပိုင်းများတွင် ရွှေဂုံတိုင်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သည့် လူနာတစ်ဦးနှင့် စပ်လျဉ်းပြီး သတင်းမီဒီယာ၊ လူမှုရေးကွန်ယက်နှင့် သတင်းဆောင်းပါးများတွင် ပျံ့နှံ့စွာ ရေးသားဖော်ပြခြင်းများ ရှိနေ ပါသည်။

ပုံမှန်အားဖြင့် လူနာနှင့်လူနာ၏ ဆေးကုသမှုဆိုင်ရာ အတွင်းရေး အကြောင်းအရာ များကိုဆရာဝန် (သို့မဟုတ်) ဆေးရုံဘက်မှ ဆရာဝန်များထိန်းသိမ်းလိုက်နာရမည့်ကျင့်ထုံး အရ ဖော်ပြသည့် ထုံးစံ လုံးဝ မရှိပါ။

သို့သော်လည်း လူနာနှင့် လူနာ အကြောင်းအရာများကို လူနာရှင်မိသားစုဘက်မှ မီဒီယာသို့ စတင်ဖော်ပြသဖြင့် အများသိရှိပြီးဖြစ်နေပါသည်။ ထိုသို့ဖော်ပြရာတွင် တိကျ ပြည့်စုံသော အချက်အလက်များ အားလုံး မပါဝင်ဘဲ အရေးကြီးသော အချက်အလက် များကို လူနာရှင်ဘက်မှ ထိန်ချန်ထားခြင်းကို တွေ့ရှိ ရပါသည်။

ထို့ကြောင့်အများသိရှိပြီးဖြစ်သည့် အချက်အလက်များကို အခြေခံ၍ ရွှေဂုံတိုင် ဆေးရုံ ရှိ Ethical Committee မှ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်တိုင်ပင်၍ ဆေးပညာရှုထောင့်မှ ရှင်းလင်းတင်ပြ ခြင်းသာ ဖြစ်ပါသည်။ အများပြည်သူ မသိရှိသေး သော ဆေးကုသမှုဆိုင်ရာ အတွင်းရေး အသေးစိတ်များကို ဖော်ပြမည် မဟုတ်ပါ။

(၁) ဤလူနာမှာ လွန်ခဲ့သော (၁၃) နှစ်ခန့်က ပြင်းထန်သောရောဂါခံစားရ၍ အထူးကု ဆရာဝန်ကြီး ဒေါက်တာဦးရဲမြ မှ ကုသ၍ အသက်ကယ်တင်ပေးနိုင်ခဲ့သည်။ ထိုမှစ၍ ၂၀၁၄ ခုနှစ်အထိ ကုသပေး ခဲ့ကြောင်း တွေ့ရှိရပါသည်။

(၂) ၂၀၁၄ ခုနှစ်မှ (၃)နှစ်ကျော် လုံးဝပြန်လည်မပြသခဲ့ဘဲ ယခု ၂၀၁၈ ခုနှစ်အတွင်းမှ ပြန် လည်ပြသ သောအခါ မူလရောဂါမှာ ပိုမိုဆိုးရွားနေပြီး ပူးတွဲဖြစ်တတ်သော ရောဂါမှာ လည်း ပြန်ဖြစ်လာရုံသာမက မူလရောဂါမှာလည်းဆေးမတိုးသော(Drug resistance) အဆင့်သို့ရောက်နေသည်ကို လူနာ နှင့် လူနာရှင်များကို ရှင်းပြခဲ့ကြောင်း တွေ့ရှိရပါ သည်။

(၃) ထို့ကြောင့်လည်း လူနာ၏မိသားစုမှဖော်ပြခဲ့သည့်အတိုင်း ၂၀၁၈ မတ်လတွင် တစ်ကြိမ်၊ ဧပြီလတွင် တစ်ကြိမ် မူလရောဂါနှင့် ပူးတွဲရောဂါနှစ်မျိုးစလုံးအတွက် လိုအပ်သော ကုသမှုများကို စံကုထုံးများ (Standard Treatment Guidelines) အတိုင်းအစွမ်းကုန်ကုသပေးခဲ့ပြီး ပြန်လည်သက်သာ သွားသည်ကိုလည်း တွေ့ရှိ ရသည်။

(၄) ၂၀၁၈ ခုနှစ်ပြန်လည်ပြသချိန်မှ ယခုနောက်ဆုံး ဆေးရုံတက်ခဲ့သည့် မေလအထိ ကြားတွင်လည်း လူနာ သည် အချိန်မှန်မှန်ဆေးခန်းသို့ပြန်လည်လာမပြသည့်အတွက် ရက်ချိန်းပျက်ကွက်မှုများရှိခဲ့ကြောင်း တွေ့ရှိရပါသည်။

(၅) ၂၀၁၈ မေလ (၈) ရက်နေ့လာပြချိန်တွင် အခြေခံရောဂါ၏ နောက်ဆက်တွဲရောဂါများ (Opportunistic Infections) တစ်ခုပြီး တစ်ခုဖြစ်ခဲ့ရာမှ နောက်ဆုံးတွင်အလွန် ပြင်းထန်သည့် မှိုပိုးတစ်မျိုးကြောင့် ဖြစ်သည့် အဆုတ်ရောင် ရောဂါ (Pneumocystis carinii Pneumonia – PCP) ဟူသည့် ရောဂါ ထပ်ဝင်လာပြီဟု ခန့်မှန်းမိသည့် အတွက် ချက်ချင်းဆေးရုံတက်ပါရန် မှာကြားခဲ့ပါသည်။ နောက်တစ်နေ့ မှသာ ဆေးရုံ သို့ တက်ရောက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

(၆) PCP အဆုတ်ရောင်ရောဂါ သေချာစေရန် CT ရိုက်စစ်ဆေးပြီး ဤရောဂါ၏ အပြည်ပြည်ဆိုင်ရာနှင့် မြန်မာနိုင်ငံတွက် သက်မှတ်ထားသော ကုထုံးဖြစ်သည့် (International and National Guidelines) Megatrim (Co-trimoxazole) DS ၂လုံး x ၃ကြိမ် x ၂၁ရက် တို့ကို လူနာအားရောဂါနှင့် ကုထုံးကို ရှင်းပြပြီး ကုသ ပေးခဲ့သည်။ စတင်ဆေးရုံတက်သည့်အချိန်မှစ၍ လူနာမှာ အမောလွန်၍ စဉ်ဆက် မပြတ် အောက်ဆီဂျင် (Continuous Oxygen) ရှူနေရကြောင်း တွေ့ရှိခဲ့ပါသည်။

(၇) PCP အဆုတ်ရောင်ရောဂါကြောင့် လတ်တလောလူနာအတွက် အသက်အန္တရာယ် အလွန်ကြီးမားသည်က တစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အခြားရွေးချယ်စရာ ထိရောက်သော ဆေးများမရှိသည်က တစ်ကြောင်း၊ ဤအကြောင်း တို့ကြောင့် လိုအပ်သောအကာအကွယ်များယူ၍ Megatrim DS ဆေးဖြင့် ကုသခဲ့ပါသည့်အတွက် လူနာသည် ဆေးရုံစတက်သည့် မေလ(၁၀)ရက်နေ့မှ မေလ(၁၆)ရက်နေ့ အရောက် တွင် အောက်စီဂျင်ပိုက်လိုင်းများဖြုတ်နိုင်ပြီး မိမိဘာသာ လမ်းလျှောက်နိုင်သည့် အခြေအနေ အထိ ကောင်းမွန်ခဲ့သည်ကိုလည်းတွေ့ရှိခဲ့သည်။

(၈) ထိုသို့ကုသမှုခံယူနေစဉ်အတွင်း Sulphur ဆေးမတည့်သည့် လက္ခဏာများဖြစ်သော တကိုယ်လုံးတွင် အနီရောင်အကွက်များ၊ အရည်ကြည်ဖုလုံးကြီးများ၊ အရေပြား ရောင်ရမ်းလန်ထွက်ခြင်းများ (skin rash, bullous eruptions, mucosal ulcers, Stevens-Johnson syndrome, Toxic Epidermal Necrolysis, Erythema nodosum) စသည့်လက္ခဏာများလုံးဝမတွေ့ရှိခဲ့ရသည့်အပြင် လူနာမှာ မူလဆေးရုံ တက်စအခြေအနေနှင့်မတူလုံးဝကွဲပြားခြားနား၍ကောင်းမွန်ခဲ့သည်ကိုလည်း လူနာရှင် များ ကိုယ်တိုင် တွေ့ရှိခဲ့သည့်အတွက်ဆေးရုံမှ ဆင်းလိုကြောင်း မေလ (၂၁) ရက် နေ့ တွင် ပြောကြားခဲ့ သည်ကို ဆရာကြီးမှ လူနာအခြေအနေ လုံးဝစိတ်မချသေး၍ ဆေးရုံ တွင် ထပ်မံနားနေစေရန် ညွှန်ကြား ခဲ့ကြောင်းလည်း တွေ့ရှိခဲ့ပါသည်။

(၉) လူနာဆေးရုံတက်တိုင်းရောဂါ၏ အခြေအနေကို လူနာနှင့်လူနာ၏မိသားစုကိုရှင်းပြခဲ့ သည်။ ဆရာကြီးမှ လူနာအား infection ဖြစ်နိုင်မှု လျော့နည်းစေရန်အတွက် စား သောက်ရာတွင်အသုံးပြုသည့် ပန်းကန် ခွက်ယောက်၊ ဇွန်းခက်ရင်းများကို သန့်ရှင်းစွာ အသုံးပြုရန်၊ သန့်ရှင်းလတ်ဆတ်သော အစားအစာများ သာ စားရန်၊ အပြင်အစား အစာများ မစားရန် မှာကြားခဲ့ပါသည်၊၊

မေလ(၂၄)ရက်မှ စ၍ လူနာသည်ဝမ်းလျှောပြီး နောက်ပိုင်းရက်များတွင် အဖျားရောဂါ ပါ လိုက်လာပါ သည်။ အစွမ်းကုန်ကုသသော်လည်း အခြေအနေတိုးတက်မှု မသိသာခဲ့ကြောင်း တွေ့ရှိရသည်။

(၁၀)မေလ(၂၈)ရက်၊၂၀၁၈ခုနှစ်တွင် လူနာနှင့်မိသားစုသည် ၎င်းတို့ဆန္ဒအရ Grand Hanthar ဆေးရုံသို့ ပြောင်းရွှေ့လိုကြောင်း ပြောကြားခဲ့သည်။ ဆရာကြီးမှ Grand Hanthar Intensive Care မှ ဆရာဝန် နှင့် ကိုယ်တိုင်စကားပြောပြီး ၊လူနာအား စနစ် တကျလွှဲစာရေးပေးခဲ့သည်။ နောက်တစ်ရက်တွင် Grand Hanthar ဆေးရုံမှဆရာကြီး အားဖိတ်ခေါ်၍ လူနာအား ကြည့်ရှုစေခဲ့သည်။ မေလ(၃၀) ရက်နေ့တွင် ၎င်းလူနာမှာ ကွယ်လွန်ခဲ့ကြောင်းသိရှိခဲ့ရသည်။

(၁၁) လူနာရှင်၏တိုင်ကြားချက်ဖြစ်သော လူနာတွင် Sulphur allergy ရှိသည်ကို High  dose sulphur (Megatrim DS) တိုက်ခြင်းကြောင့်လူနာ သေဆုံးရသည်ဆိုခြင်းမှာ လုံးဝမဟုတ်ပါဟု Ethical Committee အဖွဲ့ဝင်များမှ သုံးသပ်သည်။

(၁၂) အမှန်တကယ်လူနာသေဆုံးရခြင်းမှာ မူလခံစားနေရသောရောဂါမှာ အဆင့်မြင့် လာပြီး ဆေးမတိုးသည့် အခြေအနေသို့ရောက်ရှိနေခြင်း၊ ထိုအကြောင်းများကြောင့် နောက်ဆက်တွဲရောဂါများ (Opportunistic Infections) တစ်ခုပြီးတစ်ခု ဝင်ရောက် လာပြီးသေဆုံးခြင်း ဖြစ်သည်။

လူနာအား သက်မှတ်ထားသော ကုသမှုလမ်းညွှန်များ (Standard Treatment Guidelines) အတိုင်း အစွမ်းကုန်ကြိုးစားကုသစောင့်ရှောက်မှု ပေးခဲ့သော်လည်း သေဆုံးသွားရခြင်းကို ရွှေဂုံတိုင်ဆေးရုံနှင့် အထူးကုဆရာဝန်ကြီးမှ များစွာစိတ်မ ကောင်းဝမ်းနည်းမှုဖြစ်ရပါသည်။

လူနာရှင်၏မိသားစုနှင့် ၁၆.၆.၂၀၁၈ နေ့က တွေ့ဆုံစဉ်ကလည်းမိမိ၏ သားသမီး တစ်ဦးဆုံးရှုံးသကဲ့သို့ ဝမ်းနည်းကြေကွဲထိခိုက်ခံစားရပါကြောင်းလည်း ဆရာဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

(၁၃) နောက်ဆုံးအနေဖြင့်လူနာမည်သို့ကြောင့်သေဆုံးသည်နှင့် လူနာ၏ကိုယ်ရေး ကိုယ် တာနှင့် အသေးစိတ်အချက်အလက်များကို အများပြည်သူရှေ့တွင် အပြန်အလှန် အငြင်းပွါးဖြေရှင်းရန်မသင့်တော်ပါ။

ဤကိစ္စနှင့်စပ်လျဉ်းပြီး ရွှေဂုံတိုင်ဆေးရုံအနေဖြင့်၎င်း၊ ဆရာဝန်ကြီးအနေနှင့်၎င်း လူနာ၏မိသားစု နှင့် ထပ်တူထပ်မျှဝမ်းနည်းကြောင်း ထပ်မံပြောကြားလိုပါသည်။ ထို့အပြင် သတင်းမီဒီယာနှင့် အများပြည်သူ ကိုလည်း လူနာတစ်ဦး၏ဂုဏ်သိက္ခာနှင့် အတွင်းရေး အချက်အလက်များကို အထူးလေးစားကာကွယ်ပေး ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဤ ထုတ်ပြန်ချက်၏ မူလကို
SSC ဆေးရုံ၏ Facebook page (https://www.facebook.com/sscmed/) တွင် လည်းကောင်း၊
http://www.generalpressreleases.com တွင်လည်းကောင်း ကြည့်ရှုနိုင်ပါသည်။